''Please! Help Burma''

''To build Federal Democratic Country is our Aim and Our Wishes''

ပေါက်တက်ကရလေးတွေပါ

Sunday, May 25, 2008

သူခိုးဘ၀က ထွက်ကြစို့

လွတ်မြောက်နယ်မြေလို့ခေါ်တဲ့ ဒီတော်လှန်ရေး နယ်မြေထဲရောက်တော့ ၀န်ထမ်းဘ၀ သူငယ်ချင်းတွေနဲ့ အတူ ဘီအီး(အရက်ဖြူ) တစ်လုံး ၂၀၀တန်သောက်ပြီး ပြောဆိုငြင်းခုံခဲ့ကြတာတွေကို ပြန်သတိရ၊ လွမ်းမိသလိုတော့ဖြစ်မိသား။ ဒီနယ်မြေမှာတော့ သိတဲ့ အတိုင်းဘဲ အားလုံးကလွတ်လွတ် လပ်လပ် ရှာဖွေဖတ်ရှုလို့ရနေတယ်၊ အင်တာနက်သုံးပြီး မြန်မာနိုင်ငံသတင်းကြည့်မလား၊ နိုင်ငံတကာ သတင်းကြည့်မလား၊ အတားအဆီးမရှိ အားလုံးလွတ်လွတ်လပ်လပ် ရှာဖွေဖတ်ရှုနိုင်တယ်။ နေ့စဉ်နဲ့အမျှ နိုင်ငံတကာမှာ ဘာတွေဖြစ်နေလဲ၊ တို့နိုင်ငံမှာဘာတွေဖြစ်နေ ဘာတွေလုပ်နေလဲဆိုတာတွေကို အားလုံး အလိမ်အညာ၊ အလှည်းအဖျားမရှိဘဲ သိနိုင်တယ်လေ။ အထူးသဖြင့် တို့တတွေ ရေချိန်ကိုက်လာလေလေ ပိုပြီးပြောဖြစ်လေလေဖြစ်တဲ့တို့နိုင်ငံ အကြောင်းပေါက်တက်ကရလေးတွေပေါ့။

သူငယ်ချင်းရေ ဒီရောက်မှ တို့နိုင်ငံကဘဲအိုကြီးတွေဟာ တို့ဝေဖန်ထားတာတွေထက် ပိုပြီး ရက်စက်ကြမ်းကြုတ် ဆက်ဆုတ်ဖို့ကောင်းမှန်းသိရတယ်ကွ ဒီမှာက သူတို့ရဲ့အထုပ်နဲ့ အရှုပ်တွေက ဖုံး ထားလို့မရဘူးလေ။ ဒီမှာနေရတာ ကိုယ့်နိုင်ငံမဟုတ်လို့ ကိုယ့်ရေမြေဒေသကိုလွမ်းတာ၊ မိဘညီကိုတွေနဲ့ သူငယ်ချင်းတွေကိုလွမ်းတာ၊ လုံခြုံရေးအတွက်စိုးရိမ်ရတာတွေရှိပေမဲ့ ကျန်တဲ့ တို့လိုလူလတ်ပိုင်းတွေ အတွက် အင်မတန်မှဗဟုသုတ (နိုင်ငံတကာ နဲ့ဆက်စပ်တဲ့ ပညာရေး) ရှာဖွေလို့ကောင်းတဲ့ နေရာ လေးတစ်ခုဘဲ၊ ပြည်တွင်းမှာ စက်ဘဲကိုင်ခဲ့တဲ့၊ ကွန်ပျူတာကို (GTI) စက်မှုသိပ္ပံမှာရော၊ အဝေးသင် တက္ကသိုလ်မှာရော၊ တို့အလုပ်ရုံကြီးမှာပါ တွေ့ခဲ့ရပေမဲ့ အဲဒီတုန်းက အဲဒါတွေဟာ အလှပြရုံ သက်သက်ဖြစ်နေလို့ ကွန်ပျူတာကို မထိရဲ မကိုင်ရဲတဲ့ငါ အင်တာနက်ဆိုတာဘာမှန်းမသိတဲ့ငါ၊ ဒီမှာ ကွန်ပျူတာတွေ၊ အင်တာနက်တွေနဲ့ဘဲ အချိန်ကိုအများကြီးသုံးဖြုန်းဖြစ်တယ်။ ဒီလိုပြောလို့ မင်းအဲဒီမှာ ပျော်နေပြီလားလို့ မင်းပြောလိမ့်မယ် မဟုတ်ပါဘူး တို့တတွေအားလုံးအတွက် တန်းတူညီးမျှတဲ့၊ လွတ် လပ်မျှတတဲ့စနစ်နဲ့ အုပ်ချုပ်ရေးတစ်ခုရတဲ့အချိန်မှာ ငါတို့တတွေ တို့တိုင်းပြည်မှာ တို့သောက်နေကြ ဘီအီးဆိုင်မျာဘဲဖြစ်ဖြစ်ပေါ့ ပြန်ဆုံကြမှာပါ။ ဒီမှာ နည်းနည်းလေးမှ မပျော်ပါဘူးကွာ အခြေအနေနဲ့ အချိန်အခါအရတာ ဒီမှာနေနေရတာပါ။

သူငယ်ချင်းရေ အခုတို့နိုင်ငံကိုအုပ်ချုပ်တဲ့ စစ်အစိုးရဟာ တို့တတွေအားလုံးရဲ့ မျက်စိတွေ၊နား တွေ၊ ပါစပ်တွေ၊ အားလုံးပိတ်ထားတယ်၊ တို့ရဲ့ခြေထောက်တွေ၊ လက်တွေကိုလည်း တုတ်နှောင်ထား တယ်။ စစ်အစိုးရဟာ သူ့ရဲ့ဝါဒဖြန့်ချိရေး၊ သူတို့ရဲ့ ကောင်းကွက်လေးတွေဘဲ ထုတ်နှုတ်ပြတတ်တယ်၊ သူတို့တတွေ ဘုရားရှိခိုးတဲ့ပုံတွေဘဲပြထားပြီး၊ ဘုန်းကြီးတွေ ထောင်ချတာ၊ သတ်တာ မပြဘူးကွ။ တကယ်တော့ သူတို့တတွေလုပ်တဲ့ကောင်းကွက်လို့ သူတို့ပြောတာတွေလည်း သူတို့ရဲ့ ပုဂ္ဂလိက အတွက်ဘဲကောင်းတာပါ။ တို့လိုအောက်ခြေ၀န်ထမ်းတွေ၊ ပြည်သူတွေအတွက် တို့နိုင်ငံအတွက်တော့ ဒါတွေအားလုံးဟာ အဆိုးတွေဘဲကွ။ အထူးသဖြင့်တို့လို ၀န်ထမ်းတွေပေါ့ သူတို့စိတ်တိုင်းကျဖြစအောင်၊ သူတို့စစ်အာဏာရှင်စနစ် အဒွန်းရှည်အောင်၊ အဖေ အမေကိုင်တုတ်ပြီးခိုင်းခံရ အခမသင့်ရင်လက်သီး လက်ဝါးစာကျွေးခံရတတ်သေးတယ်။ တကယ့်ကို ဗီဒီယိုထည်းမှာ ကြည့်ရတဲ့၊ တို့ အဘိုးတွေ အဖွားတွေ ပြောတဲ့ ဖက်ဆစ်စနစ်မျိုးဘဲလို့ ဘီအီးသောက်ရင်းပြောဖြစ်ခဲ့ဖူးတယ်နော။

အေးသူငယ်ချင်းရေ တစ်ခုပြောဦးမယ် တို့ခွင်တွေဖန်ကျတယ်လေ ဒါမှလည်းလုံလောက်မှာကိုး ဒါပေမဲ့ဒါတွေဟာ တို့ပြည်ရဲ့ငွေတွေကိုပြန်ခိုးသလိုဘဲကွ ဘာကြောင့်လည်းဆိုတော့ နိုင်ငံအတွင်းမှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေအားလုံးနဲ့ နိုင်ငံလည်ပတ်မှုအားလုံးဟာ တို့မိဘညီကိုတွေ၊ တို့ဘိုးဘွားမောင်ပါတွေ၊ တို့တတွေဆီကနေကောက်ခံထားတဲ့ အခွန်တွေနဲ့ လည်ပတ်နေလို့ဘဲလေ။ သူခိုး အချင်းချင်း မခိုးနဲ့ လို့တော့ မပြောချင်ပါဘူး (အရင်က၀န်ထမ်း ဘ၀ကကိုယ်လည်း ခိုးခဲ့တာကိုး) ဒါပေမဲ့ ကိုယ်ခိုးတာက အထက်က သူခိုးကြီးလည်းဖြစ်၊ တို့ရဲ့ဆရာလည်းဖြစ်(သူခိုးဆရာ)၊ ငါတို့အပါအ၀င် ပြည်သူတွေ အပေါ် ဓာပြလိုလဲဖြစ်နေတဲ့ အပွင့်တပ် သူခိုးကြီး ဓါပြ တွေကိုအားပေးနေသလိုဖြစ်မှာဆိုးလို့ပါကွာ။ ပြီးတော့ အခမသင့်လို့ သူခိုးတွေ ဓားပြတွေဖမ်းခံရရင် ကိုယ်ပါအဆစ်ပါနေမှာ ဆိုးရတယ်လေ။

ဒီရောက်မှ ကောင်းကောင်းသိရတဲ့၊ တို့တတွေအပွင့်တပ်တွေကို ချီးကျူးကြတဲ့ဟာတွေရဲ့ နောက် ကွယ်မှာ ဘာတွေရှိလည်းဆိုတာတွေပေါ့။ သူတို့တတွေရေကာတာပြတိုင်း၊ ရေအားလျှပ်စစ်တွေပြတိုင်း၊ စက်ရုံတွေပြတိုင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုတွေပြတိုင်း၊ ဗိုလ်လောင်းတွေ ကျောင်းဆင်းတာပြတိုင်း၊ တို့နိုင်ငံကတွင်းထွက် ပစ္စည်းတွေပြတိုင်း၊ တို့နိုင်ငံသိပ်ချမ်းသာတာဘဲလို့ဆိုပြီးတော့ဂုဏ်ယူခဲ့ကြတာ၊ တကယ်တော့နိုင်ငံရော ပြည်သူတွေပါ အားလုံးဆင်းရဲနေတာ အပွင့်တပ်ထားတဲ့သူတွေနဲ့ သူတို့အလို တော်ရိတွေဘဲ ချမ်းသာကောင်းစားနေကြတာပါလေ၊ တခါက တို့(အပွင့်အပါတဲ့) လက်ထောက်စက်ရုံမှူး ပြောတာလေး သွားသတိရမိတယ် ‘လုပ်ကြပေါ့ ကွာ မင်းတို့ခေတ်ဘဲ’ ဆိုသလိုပေါ့။

သူတို့ဆောက်ထားတဲ့ ရေကာတာတွေကြောင့် စိုက်ပျိုးရေးအတွက် ရေရတယ်ဆိုပေမဲ့ အဲ့ဒီရေ ပေးတဲ့သူတွေကို သီးသန့်ငွေပေးမှ ရတာပါ၊ ပြီးတော့အဲဒီဆည်တွေကြောင့် ရွာဘယ်နှစ်ရွာရေမြုပ်ပြီး လူဘယ်နှစ်ထောင် ဘယ်နှစ်သောင်း ဘယ်နှစ်သိန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြလဲ တောတွေဘယ် လောက်နှစ်မြုပ်လို့ တောရိုင်းတိရိစ္ဆာန် တွေဘယ်လောက်သေကျေပျက်ဆီးကုန်လဲ သဘာဝအလှတွေ ဘယ်လောက်ပျက်ဆီးကုန်လဲ ဆိုတာစစ်အစိုးရရဲ့ မီဒီယာနဲ့ သတင်းစာ တီဗီကြည့်လို့ မင်းဘယ်လိုမှ သိနိုင်မှာ မဟုတ်ဘူး။ ဘားထူးလို့လည်း ရေအားလျှပ်စစ်တွေထုတ်၊ သဘာဝဓာတ်ငွေ့ထုတ်ပေမဲ့ အဲဒါ တွအားလုံး အိမ်နီးချင်းနိုင်ငံတွေရောင်စာနေကြတယ်၊ ဘင်္ဂလားဒေ့ရှ်ကိုရောက်ဖူးတဲ့ ရခိုင်တစ်ယောက် သဘာဝဓာတ် ငွေ့မသုံးတတ်လို့ သူတို့အတော်လေးအံ့သြတယ် ဒီဓာတ်ငွေ့ကမင်းတို့ဆီကလာတာ မင်း တို့မသုံးတတ်ဘူးဆိုတာ ဟုတ်ပါ့မလား ဆိုပြီးတော့ပေါ့ အခုမှ သဘာဝဓာတ်ငွေ့ မြင်ဖူးတယ်လို့တာ ပြောလိုက်ရင် သူတို့ ဘယ်လိုနေမလဲမသိဘူး။ မီးလဲဘာထူးလည်း ထိုင်းနိုင်ငံမှာသုံးနေတဲ့ မီးတွေ တို့ဆီ ကလာတာတွေဘဲ (၂၄)နာရီ ကြိုက်တဲ့ချိန်ဖွင့် မီးလင်းတယ် တို့ဆီမှာတော့ (၂၅)နာရီ မီးပျက်နေတယ်၊ သူတို့လင်းစေချင်တဲ့ နေရာတွေကလွဲပြီးတော့ပေါ့။ စက်ရုံ အလုပ်ရုံတွေမှာတော့ မင်းရော ငါရောလုပ် နေတာဆိုတော့ ဘယ်လိုခိုးကြတယ်ဆိုတာသိပြီးထား၊ တီဗီထဲမှာဗိုလ်လောင်း ကျောင်းဆင်းပွဲတွေကြည့် ရရင်လည်း တို့အတော်လေးအားကျခဲ့ကြတယ်၊ တကယ်တော့ အဲဒါတွေဟာ ပြည်သူတွေကိုသတ်မဲ့ လူ တွေကိုမွှေးထုတ်ပေးနေတာဘဲ။

တကယ်ဆိုတို့နိုင်ငံ သယံဇာတတွေပေါများတာ သဘာဝအရင်းအမြစ်တွေပေါများတာ တို့နိုင်ငံ နဲပြည်သူတွေဖူလုံချမ်းသာမှာပေါ့၊ အခုတော့တို့ဝန်ထမ်းတွေစားလောက်အောင် ခိုးနေတယ် ပြည်သူတွေ ထမင်းဝအောင်မနည်းကုန်းရုန်းနေရတယ်၊ (တချို့တောင်းစားနေရတယ်)။ အဲဒီကရလာတဲ့ငွေတွေ ဘယ် ရောက်ကုန်လဲလို့ သူငယ်ချင်းမေးလိမ့်မယ် ဆယ်ပုံ လေးပုံလောက်တော့တိုင်းပြည်တိုးတက်ဖို့ (ဥပမာ- ကျောင်းတို့ ဆေးရုံတို့ စသဖြင့် ဆောက်တာတွေပေါ့)၊ ပဒေသရာဇ် ရူးရူးနေတဲ့ ဘုရင်ရူးရူးနေတဲ့ သူတို့တတွေတိုးတက် ကြီးပွားဖို့ဘဲအသုံးချသွားတာဘဲ၊ ပြီးခဲ့တဲ့နှစ်က ဘဲအိုကြီး၊ ဘုရင်ရူးရဲ့ သမီးတော် မဖုံးနိုင် မဖိနိုင်ဖြစ်လို့ သူ့ငယ်နိုင် စစ်သူကြီးတစ်ယောက်ခေါ်ပြီးပေးစားခဲ့တဲ့ပွဲမှာ သုံးထားလိုက်တဲ့ စိန် ရွှေ ငွေတွေနည်းသလား လက်ဖွဲ့ကိုက အမေရိကန်ဒေါ်လာ (၅၅) သန်းဆိုတာ တို့လုပ်နေတဲ့ စက်ရုံမျိုး အရုံ ပေါင်း (၃၀) လောက်တော့ အတာလေးဆောက်နိုင်တယ် ဒါပေမဲ့ ဒါတွေဟာ သူတို့ရဲ့ကိုယ်ကျိုးအတွက် ဘဲသုံးမှာဘဲ။ ဒါတွေအားလုံးဟာ တို့တတွေဆီက နည်းမျိုးစုံနဲ့ ကောက်ထားတဲ့ သူတို့ လက်ပါစေတွေ ပြည်သူတွေကိုနည်းမျိုးစုံနဲ့ ညစ်ထားတဲ့ငွေတွေဘဲ။ ပဒေသရာဇ် ရူးနေတဲ့ ဘဲအိုကြီးတွေ ဘုရင်ရူးတွေဘဲ ရွှေခွက်၊ ငွေခွက် သုံး တိုက်ကြီးပေါ်နေ ဆီဦးထောပတ်စား၊သားသမီးမြေမြစ်တွေကို နိုင်ငံခြားမှာ ပညာ သင်ဖို့ပို့နိုင်တာဘဲ တို့တတွေအားလုံးနဲ့ တိုင်းရင်းသား မိဘပြည်သူများကတော့ မွဲပြီးရင်းမွဲ၊ စစ်ကျွန်ဖြစ် ပြီးရင်းဖြစ်ပေါ့ကွာ။

သူငယ်ချင်းရေ ဒါတွေအားလုံးဟာကောင်းတဲ့ လက္ခဏာတွေ မဟုတ်ဘူးနော်၊ မင်းငါ့ကိုပြောဖူးသ လို လူကြီး (သူခိုကြီး) တွေကိုယ်တိုင်က ခိုးဆိုးလုယက်ပြီး လာဘ်စားနေတာကွာ၊ ဘယ်လိုပြောက်အောင် လုပ်လို့ရမလဲ ဆိုတာလေ။ အဲဒါကိုနဲနဲဆွေးနွေးချင်တယ် သူငယ်ချင်း ဂျာမန်ပြုပြင်ရေးသမားကြီး မာတင် လူသာကင်း က မတရားအုပ်ချုပ်ချယ်လှယ်မှုအောက်မှာ ပြည်သူတွေ ကိုယ့်ကိုယ်ကို ကာကွယ်ပိုင်ခွင့်ရှိ တယ်၊ ဧကရာဇ် ဘုရင်၊ အစိုးရ ကဆိုပါတော့ကွာ တရားမျှတမှု မရှိဘဲ ဥပဒေကို မျက်နှာလွှဲခဲပစ် လုပ်မယ် ဆိုရင် ပြည်သူတွေက ဧကရာဇ် ဘုရင်၊ အစိုးရတွေရဲ့ အမိန့် သြဇာ အာဏာကိုခံရန်မလို လို့ပြောထား တယ်ကွ ဘယ်လောက် သဘာဝကျဆိုတာ သူငယ်ချင်းစဉ်းစားကြည့်၊ တို့တတွေက အဲ့ဒီ အာဏာရူး တွေရဲ့ ယန္တရားကြီးလည်ပတ်နိုင်အောင်လို့ တဖက်တလမ်းက ထောက်ပံ့နေတော့ သူငယ်ချင်းပြောသလို တို့ဆီက မတရား ခိုး ဆိုး လုယက် လာဒ်စားတဲ့ စနှစ်က ပျောက်ဖို့ဘယ်လွယ်ပါ့မလဲ။ အဲဒါကြောင့် တို့တ တွေသူတို့ကို ဆန့်ကျင်ရမယ်၊ သူတို့ရဲ့ လည်ပတ်နေတဲ့ယန္တရားကြီး၊ စစ်အာဏာရှင် စနှစ်ဆိုးကြီးရပ်သွား အောင်၊ ပျက်သွားအောင်၊ ပြည်သူတွေကိုယ်တိုင်၊ တို့တတွေကိုယ်တိုင် ကိုယ့် ကြမ္မာကိုဖန်တီးဦးဆောင် နိုင်တဲ့ လွတ်လပ်မျှတတဲ့ စနှစ်တစ်ခုပေါ်လာအောင် တို့လိုဝန်ထမ်းတွေ၊ လူငယ်တွေမှာ အများကြီးတာဝန် ရှိလာပြီ တို့လုပ်ကြရမယ်လေ။ အကောင်းဆုံးကတော့ ငြိမ်းချမ်းစွာနဲ့ လမ်းမပေါ်ထွက်ပြီး တောင်းဆို ဆန္ဒပြမှုဘဲလေ။ သူငယ်ချင်း သံစဉ်မထည့်ရသေးတဲ့ သီးချင်းတစ်ပုဒ်ကိုပါ ထည့်ပေးလိုက်မယ် အတက် ကြွဆုံးနဲ့ အမြူးကြွဆုံး သံစဉ်လေးတေါထည့်ပြီး လွတ်လပ်မျှတမှု ကိုလုပ်ဆောင် ဦးဆောင်နိုင်ဖို့ ဖိတ်ခေါ် မျှော်လင့်တယ်သူငယ်ချင်း ကဲစာသားလေးကြည့်ပါဦး။

ဆန္ဒပြကြ

-တကိုယ်ကောင်းစားဖို့ စနစ်ဆိုးသုံးတဲ့

စစ်အစိုးရကို တို့တွေဆန္ဒပြ / သပိတ်မှောက်ကြ

-ပဒေသရာဇ်စနစ်နဲ့ ဘုရင်ရူးရူးတဲ့

အာဏာရှင်ကို တို့တတွေ ဆန္ဒပြ / သပိတ်မှောက်ကြ

-အာဏာတစ်ခုအတွက် ပြည်သူသတ်တဲ့

အာဏာရှင်ကို တိုတတွေ ဆန္ဒပြ / သပိတ်မှောက်ကြ

-လူမျိုးကြီး အတွက် လူမျိုးတုံးသတ်တဲ့

အာဏာရှင်ကိုတို့တတွေ ဆန္ဒပြ / သပိတ်မှောက်ကြ

-အလုပ်သမားတွေစက်ရုံမသွားနဲ့

ဝန်ထမ်းတွေ ရုံးကိုမတက်နဲ့

စစ်အစိုးရရဲ့ ယန္တရား ပျက်အောင်လုပ်ရမယ်

-ဆန္ဒပြရင် မရိုက်နဲ့ မသတ်နဲ့

ပြည်သူချစ်တဲ့ တပ်မတော်လုပ်ဟဲ့

စစ်အစိုးရပြုတ်မှ တိုင်းပြည်တိုးတက်မယ်

-ပြည်သူတွေနဲ့ လက်တွဲ

ဆန္ဒပြရင်ဝင်နွဲ

ဒါမှတို့ပြည် (ပြည်) သမိုင်းလှမယ်

-လမ်းမပေါ်ထွက်ပါ၊ ငြိမ်းချမ်းစွာစီတန်းပါ

ဒီမိုကရေစီ လူ့အခွင့်အရေး

တို့ပြည်သူတွေတိုးတက်ဖူလုံရေး

ဆန္ဒပြကာ တို့တတွေတောင်းရမှာ…

ကဲသူငယ်ချင်းရေ တို့ရဲ့ဆွေးနွေးချက်တွေလည်း အတော်ရှည်သွားပြီ၊ တို့နိုင်ငံမှာ တို့တတွေ ကျောင်းကောင်းကောင်း ပြန်တက်ရနိုင်ဖို့ကတော့ မဖြစ်နိုင်တော့ဘူး ဒါပေမဲ့ တို့ထက်ငယ်တဲ့ ညီ၊ ညီမငယ်တွေ စနစ်ကောင်းနဲ့ ပညာကောင်းကောင်းသင်နိုင်ဖို့၊ နိုင်ငံတကာနဲ့ ယှဉ်ပေါင်တန်းတိုးတက်နိုင်ဖို့၊ တို့တတွေ ခံစားသလို မခံစားရအောင်၊ တို့လိုစစ်ကျွန်မဖြစ်အောင်လို့၊ တို့တတွေ သူခိုး ဘ၀ကထွက်ကြမယ်၊ စစ်အစိုးရရဲ့ စစ်အာဏာရှင်စနစ် ယန္တရားကြီးရပ်သွားအောင်လုပ်ကြမယ်၊ လွတ်လပ်မျှတတဲ့ စနစ်တစ်ခုရဖို့ စစ်အစိုးရကိုအံတုပြီး သူခိုးဘ၀ကရုန်းထွက်ရင်း ကြိုးစားကြစို့လား သူငယ်ချင်း…။ ။

ရဲနိုင်

No comments:

''Against the cruel and stupid Regime with 'IT' ''